စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် သွားမည်
Posted on Thursday, July 19, 2012
|
No Comments

ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ဥရောပတိုက်သို့ ခရီးဆန့်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အားတက်သရော ကြိုဆိုမှုများရရှိခဲ့သည်။ ရှေ့လာမည့် အမေရိကန် ခရီးစဉ်တွင်လည်း ယင်းကဲ့သို့သော အာရုံစိုက်မှု ရရှိလိမ့်မည်ဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အကြောင်း ကြေညာခဲ့သည့် ဇူလိုင်လ ၁၇ ရက်မှာပင် မကြာသေးမီက ကွယ်လွန်သွားသည့် ချက်သမ္မတ ဗာကလက်ဟေဗယ်လ် ကိုယ်စားအ၀ါရောင်နှင်းဆီပန်းခြောက်တစ်ပွင့် ရရှိခဲ့ပြီး ယင်းမှာ ၄င်းတို့နှစ်ဦးကြား မဖြစ်ပေါ်ခဲ့သော တွေ့ဆုံမှုကို သတိပေးထားခြင်းပင်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီရေးအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့သူ ဗာကလက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကာ သူမနှင့် တွေ့ဆုံရန်လည်း တမ်းတခဲ့သူဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။
စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်မြို့၌ အမြော်အမြင်ကြီးမားသော ကမ္ဘာ့ခေါင်းဆောင်များအား အသိအမှတ်ပြုပေးအပ်သော Global Citizen Award ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန် ဥာဏ်ကြီးရှင်များအဖွဲ့ဖြစ်သော Atlantic Council က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခရီးစဉ်အကြောင်းကို အတည်ပြုပြောကြားခဲ့သော်လည်း သူမ၏ခရီးစဉ် အသေးစိတ်ကို ပြောကြားခြင်း မရှိပေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အမေရိကန်အစိုးရနှင့် အစည်းအဝေးများပြုလုပ်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ်အချက်အလက်များ ဖော်ပြခြင်းမရှိဟု အေပီ သတင်းဌာနက ရေးသားသည်။
Post a Comment